ဘဝသံသရာတံတားဆိုတာ . . .

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟဲဟိုးမြို့၊ တောင်လေးလုံးကျေးရွာ အနီးတွင် တည်ရှိသော မီးရထားဖြတ်သည့် တံတားဖြစ် ပါတယ်။

ကျွန်တော် ဘဝသံသရာ တံတား ပုံတွေကို ကာလာနဲ့ မဟုတ်ပဲ ဖြူမဲနဲ့ရိုက်ထားတာက အရောင်တွေကြောင့် မျက်စိရှုပ်ရတာမျိုးမဖြစ်စေပဲ တံတားကြီးတည်ရှိနေပုံကို ပြချင်တာမို့ပါ

သာစည်နှင့် ရွှေညောင်အကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈)တွင် တံတားတည်ရှိ တာဖြစ်ပြီးတော့ သာစည် နဲ့ ညောင်ရွှေအကြား တံတားအစင်းပေါင်း ၄၀၀ ထဲကမှ ဘဝသံသရာတံတားက တံတားအမှတ်(၃၈၂) ဖြစ်ပါတယ်။ တံတားအမြင့်မှာ (၆၂)ပေမြင့်ပြီး အရှည် ပေ ၂၀၀ ရှိသော CIP. R13A သံဘောင်အမျိုးအစား တံတားဖြစ်ပါတယ်။ ၁၉၂၇-ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သဖြင့် ယခုအခါ နှစ်ပေါင်း ၉၀ ကျော်ပြီ လို့ဆိုနိုင်ပါတယ်။

ဘဝသံသရာတံတားဟု ဘာလို့ခေါ်ကြသလဲဆို တော့ ာ ၁၉၅၆-ခုနှစ်မှာ ဘဘ ဒါရိုက်တာ ဦးသုခ ရိုက်ကူးတဲ့ ဘဝသံသရာ အသံထွက်ရုပ်ရှင် မြန်မာဇာတ်ကားမှာ ပါဝင်ခဲ့တာမို့လို့ ဘဝသံသရာတံတား ဟု အမည်တွင်သွားခဲ့တာပါ။ ၁၉၂၇ -ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆-ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်ပါတယ်။ ခေတ်စကားနဲ့ဆိုရင် ပေါက်သွားတာပေါ့။ အဲ့တံတားက အထက်ဟဲဟိုးကို တက်တယ်ဆိုရင် ခရုပတ် စက်ဝိုင်းသဏ္ဌာန် အတက်အဆင်းများစွာနဲ့ မောင်းနှင်ရသော အနိမ့်အမြင့်၊ အကွေ့အကောက်၊ အတက်အဆင်းများလှသောကြောင့် လူ့ဘဝနှင့် နှိုင်းယှဉ်၍ ဘဘ ဒါရိုက်တာ ဦးသုခက ဘဝသံသရာရုပ်ရှင်ကားအား အဓိကဇာတ်ဝင်အဖြစ် ရိုက်ကူးခဲ့ရာမှ ဘဝသံသရာတံတားဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ မင်းသားကြီးဦးဇေယျ၊ မင်းသမီးကြီး ဒေါ်မေသစ်တို့၏ ”ဘဝသံသရာ”ဇာတ်ကား နှင့် လိုက်ဖက်သည့် သီချင်းစာသားဖြစ်သည့် ”ဘဝသံသရာ၊ မနေမနားတသွားထဲ သွားကြ ရှာ၊ ခရီးပန်းတိုင် မရောက်မချင်း၊ တစ်ယောက် ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွာ မှာ”ဆိုသည့် စာပိုဒ်ကြောင့် တံတားအမှတ် (၃၈၂)၊ နန်းနွတ်ချောင်းတံတားသည်လည်းမူလအမည်ကွယ်ပျောက်ပြီး ယနေ့ထိ ဘဝ သံသရာတံတားဟု အမည်တွင်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများလေ့လာစရာ နေရာတစ်ခု အဖြစ် ယခုထိ တည်ရှိနေတာပါ။ ရထားတံတားသည် ဟဲဟိုးဘက်မှ တောင်ကုန်းအား နန်းနွတ်ချောင်းကမ်းပါး အတိုင်းတက်လာပြီး တံတားဖြင့်ချောင်းအား ဖြတ်သန်းကာ ရွှေညောင်ဘက်အခြမ်းတွင် တောင်ကမ်းပါးယံ၊ သာစည်-ရွှေညောင် ကား လမ်းတို့နှင့် ထိပ်တိုက်တွေ့ဆုံနေသဖြင့် နန်းနွတ်ချောင်းအောက်သို့ ကွေ့ဆင်းကာ တံတားအောက်မှ ပြန်လည်ဖြတ်သန်း၍ နှစ်ထပ်ပုံစံ တည်ဆောက်ထားခြင်းကြောင့် ကြည့်ကောင်းပြီး ”အထက်မှ အောက်” ”အောက်မှ အထက်” ”အနိမ့်မှ အမြင့်” ”အမြင့်မှ အနိမ့်”သီချင်းစာသားနှင့် ကိုက်ညီ ပြီး အကယ်ဒမီဆုများစွာရရှိခဲ့သည့် ဇာတ်ကားကြောင့် ထင်ရှားသည့် တံတား တစ်စင်းဖြစ်ပါတယ်။

ကျွန်တော်ရိုက်ခဲ့တဲ့ပုံလေးတွေကိုကြည့်ကြည့်အားပေးကြပါဦး။