ရန်ကုန်တိုင်းထဲက မေ့လျော့ခံ အဖျောက်မြို့ (သို့မဟုတ်)  ရန်ကုန်နဲ့အနီးဆုံး သဲဖြူကမ်းခြေ . . .

ကျွန်တော် ရန်ကုန် နဲ့ အနီးတဝိုက်ကို အမြဲ ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာလေးတွေရှာရှာဖြစ်တယ်။ အဓိက ကတော့ ကျွန်တော် တို့ ရန်ကုန်ဓာတ်ဆရာတွေ က ခရီးနီးနီးနဲ့ ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရမယ့် နေရာတွေကိုရှာဖွေရင်းနဲ့ တွေ့ခဲ့တဲ့ နေရာလေးပါ  ရန်ကုန်ကနေ မောင်းမယ်ဆိုရင် ၁နာရီခွဲ ၂နာရီလောက်မောင်းရင်ရောက်တဲ့နေရာလေးတခုပါပဲ။  အဖျောက်က ရန်ကုန်တိုင်း တိုက်ကြီး နဲ့ ဉက္ကံ ကြားမှာရှိတာဖြစ်ပြီးတော့ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းဆုံရာမှာရှိတာပါ။ သွားရတဲ့ လမ်းက နိုင်လွန်ကတ္တရာခင်းထားတာမို့ လမ်းအတော်ကောင်းပါတယ်။ ရန်ကုန်က မောင်းလာမယ်ဆိုရင် တိုက်ကြီးမြို့ အကျော် မှာ လမ်းခွဲတခုကိုတွေ့ပါမယ်။  ဥတို. ရွာလမ်းခွဲကနေဝင်ရမှာပါ။ အဖျောက် ဆိုတဲ့နာမည်က မွန်ဘာသာ  “အော့ဖရော့” မှ “အဖယောက်” လို့ အမည်တွင်ခဲ့တယ်လို့ရေးသားထားတာ အခုတော့ “အဖျောက်” ဖြစ်လာတယ်လို့ ဖတ်ဖူးပါတယ်။


ကျွန်တော် အဖျောက်သောင်ကိုစ စိတ်ဝင်စားတာ က ကျွန်တော် တို့ ရန်ကုန်က နေ အနီးဆုံးကမ်းခြေဘယ်မှာရှိမလဲ Seascape လိုမျိုးဘယ်နေရာမှာရိုက်လို့ရမလဲ စ စဉ်းစားတာကနေစပါတယ်။ ကျွန်တော် နေရာတွေလိုက်ကြည့်တဲ့အခါကျတော့ ဒီအဖျောက် မြို့ဘေး ဧရာဝတီမြစ်ထဲက သောင်ကြီးကိုသွားတွေ့ တယ် တွေ့တာနဲ့မပြီးသေးဘူး ရေထဲကို ကန့်လန့်ဖြတ်ထိုးထားတဲ့ ထိုးထိုးထောင်ထောင် ငုတ်တွေနဲ့ အတန်းလိုက်ကြီးကိုမြင်ရတော့ဒီကတော့ရှယ်ပဲ။ Perspective shot လေးတွေရှယ်ရိုက်လို့ရမှာပဲဆိုပြီး ကျွန်တော် ပထမတစ်ခါ သွားကြည့် ခဲ့တယ်။  တကယ် ကို သဘာနဲ့ အရိုင်းဆန်ဆန် အလှတရားတွေနဲ့ ပြည့်နေတဲ့ သဲဖြူကမ်းခြေကြီး ရောက်တော့ရှယ်ပဲ ဟ ဆိုပြီး တွေ့ခဲ့တော့ နောက်အခေါက် ကို ဝါသနာတူ ရင်ဘက်ချင်းတူတဲ့ညီအကိုတွေနဲ့ ထပ်စီစဉ်ဖြစ်ပါတယ်။

ကျွန်တော် တို့က ဓာတ်ပုံဝါသနာအိုးတွေ မို့ မရောက်ရောက်အောင်သွားကြမယ်ဆိုပြီး စီစဉ်တော့ အုပ်လိုက်ကြီးပါလာခဲ့ပါတယ်။  ကျွန်တော်တို့ ရောက်ခဲ့တဲ့ ‌နေရာက လူသိပ်မလာသေးပါဘူး ကျွန်တော် ရောက်ခဲ့တာ ၂၀၁၈-၁၉ လောက်ဖြစ်မယ်။ အဖျောက်မြို့ထဲဝင်ရင် အဖျောက်စျေးကိုလဲ ဝင်လည်ခဲ့မှတန်မယ် အဲ့မှာ ငါးခြောက်ကောင်းကောင်းတွေရတယ်။ ဒေသခံတွေရဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူအားပေးတာကလဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။  ရန်ကုန်ကနေ Bus စီးမယ် ဆိုရင် YBS90 ဂိတ်ဆုံးတဲ့နေရာလေးတခုပါ အဲ့ဂိတ်ဆုံးကနေ ပဲ YBS 90 ပြန်ထွက်ပါတယ်။မြို့လေးက သေးသေးလေးဆိုပေမယ့် တကယ်ကို ‌နွေးနွေးထွေးထွေးပါပဲ ကျွန်တော် တို့ သောင်ဘက်ကူးချင်လို့ လှေငှားတာလဲ ကျွန်တော်တို့ကားရပ်ခဲ့တဲ့ ထမင်းဆိုင်က ဝိုင်းကူပေးပါတယ်။


ကျွန်တော် သွားခဲ့တဲ့ နေရာက တကယ်တော့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရဲ့ မြစ်ရေကမ်းပါးတိုက်စားတာကို ထိန်းတဲ့ Project တွေထဲကတခုဆိုတာနားလည်ခဲ့ရတယ်။ လူလုပ် ဒီ ကန့်လန့် ရေအတားအဆီးတွေက နေ အဖျောက်မြို့ မိုးတွင်းမြစ်ရေတိုးရင် ခံရတဲ့ ကမ်းပါးပြိုတာကို လျှော့ချပေးနိုင်တာကို နားလည်ခဲ့ရတယ်။ ၂၀၁၁-၂၀၁၆ ထိ လုပ်ငန်းစဉ် ရန်ကုန်တိုင်းထဲမှာ ၄၄ ခုပဲ ရှိခဲ့ပေမယ် ၂၀၁၆-၂၀၂၀ မှာတေ့ ၁၁၀ ခုထိ တိုးပြီးလုပ်ဆောင်ပေးခဲ့တာဖတ်ရတော့ မြစ်ရေကြီးကမ်းပါးပြိုတာတွေ ထိန်းနိုင်တော့မှာပဲဆိုပြီး ဝမ်းသာမိတယ်။ ချောင်းသာငွေဆောင်တွေလို ပင်လယ်မရှိပေမယ့် အဖျောက်ရဲ့ အရှေ့ဘက်က သောင်ကြီးက အနီးအနားပတ်ဝန်းကျင်ကလူတွေလာပြီး ရေဆော့ကြတယ်ဆိုတော့ နောက်ဆိုဆိုင်ခန်းလေးတွေနဲ့တောင်ဖြစ်လာနိုင်ပြီးအဖျောက် က ပိုပြီးတိုးတက်လာနိုင်ပါတယ်။ သောင်ပေါ်မှာ အရိပ်ကောင်းကောင်းမရှိတာမို့ ရေဓာတ်မခန်းခြောက်ဖို့ သတိထားပြီး အအေးတွေဝယ်သွားသင့်သလို sunscreen ထူထူလိမ်းသွားဖို့လဲလိုပါမယ်။ ကျွန်တော် တို့က နေဝင်တာကိုရိုက်တာမို့ ညနေ ၄နာရီလောက်မှသောင်ပေါ်တက်ကြတာပါ။အဲ့တာတောင်တော်တော်ပူပါသေးတယ်။ နေဝင်တော့လဲတန်းမပြန်ကြသေးပဲ Steel wool လှည့်ကြပါသေးတယ်။ အဖျောက်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပိဋိကတ်ကျောက်စာ တိုက်လဲရှိတယ်လို့ ထမင်းဆိုင်ကပြောပြပေမယ့် ကျွန်တော် တို့တော့မရောက်ခဲ့ပါဘူး။ မြို့လေးကသေးပေမယ့်လေ့လာစရာနေရာလေးတွေတော့ရှိပါတယ်။
ကျွန်တော် ရိုက်ခဲ့တဲ့ သဲဖြူကမ်းခြေ လေးပုံတွေကို ကြည့်ပြီးရှု့စားပေးကြပါဦး။ ကျွန်တော်တို့ လို ဓာတ်ပုံရိုက်ရတာစိတ်ဝင်စားသူတွေ ခရီးတိုလေးတွေထွက်ချင်သူတွေ စွန့်စားချင်သူတွေ ရေနဲ့သဲဖြူဖြူတွေကို အတွက် သိပ်လတ်ဆက်လွန်းတဲ့နေရာတခုမို့ သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။  

သဲသောင်ဖြူဖြူနုနုလေးတွေ
ဒီနေရာလေးကတော့ သေသေချာချာ SUNSET နဲ့စောင့်ရိုက်ရင် အမိုက်စား Pattern လေးတွေ shadow highlight လေးတွေရမှာသေချာတယ်။
ခရုခွံလေး တွေလဲအများကြီးတွေ့ရတယ် ရေချို ခရုလေးတွေပေါ့လေ

ကျွန်တော်တို့ခြေရာတွေပဲရှိတာ သောင်ပေါ်မှာ

ဒီလိုမြက်ရိုင်းတောလေးတွေလဲရှိသေးတယ်။ သဲကတော့တော်တော်ဖြူပြီးနုနေတာပဲ
ဒါက‌တော့ အဲံ့မှာတွေ့ခဲ့တဲ့ပက်ကြားအတ်နေတဲ့နေရာလေးတခုပါ။

ကျောက်တွေနဲ့ သစ်သားတန်းတွေနဲ့ အခုလို ချထားပြီး အဆင့်ဆင့်လုပ်ဆောင်ရတာပါ။

ဒါကတော့ ရဲဘော်ရဲဘက်တချို့ပါ။

နေဝင်တဲ့အနောက်ဘက်နဲ့တန်းနေတာမို့ ဓာတ်ပုံရိုက်လို့တော်တော်ကောင်းတဲ့နေရာမျိုးပါ။

ငါးကန်လုပ်ရတာဝါသနာပါတဲ့သူငယ်ချင်းတွေအကြိုက် drift wood တွေကတော့ပေါမှပေါပဲ။

ဒါကတော့ညဘက် Steel wool လှည့်ကြတာပါ။
ရေကတော်တော်ကြည်ပါတယ်။


မင်္ဂလာပါ ကျွန်တော် ကောင်းကောင်းပါ။